Sunday, November 30, 2008

ဘာဖြစ်လို့ တရားသူကြီးတွေက နိုင်ငံခြားကို လှမ်းစုံစမ်းတာတွေ လုပ်ချင်တာလဲ။

GAOလို့ ခေါ်တဲ့ အဖွဲ့တခုက လူဝင်မှုကြီးကြပ်ရေးဌာနက တရားသူကြီးတွေကို ဆန်းစစ် လေ့လာ စာရင်းကောက်ယူထားပြီး သုံးသပ်ထားတဲ့ စာတမ်းတစောင်ကို စက်တင်ဘာ ၂၀၀၈မှာ “အမေရိကန် နိုင်ငံရေး ခိုလှုံခွင့် စနစ်”ဆိုပြီး ခေါင်းစဉ်တပ် ဖြန့်ဝေလိုက်ပါတယ်။
အဲဒီ စာတမ်းထဲမှာ
၁။ တရားသူကြီး ၂၉%နှုန်းက နိုင်ငံရေး ခိုလှုံခွင့် အမှုတွေရဲ့ တ၀က်ဟာ လိမ်လည်မှုတွေ ဖြစ်တယ်၊ ၁၉%နှုန်းက နိုင်ငံရေး ခိုလှုံခွင့် အမှုတွေ အများစုက လိမ်လည်မှုတွေ ဖြစ်တယ်၊ ၆%က နိုင်ငံရေး ခိုလှုံခွင့် အမှုတွေ အားလုံး ဒါမှမဟုတ် အားလုံး လိုလိုဟာ လိမ်လည်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ (၂၉+၁၉+၆=၅၄% ပေါ့)
၂။ တရားသူကြီး အများစုက အမှုသည်တွေရဲ့ ထွက်ဆိုချက်တွေကို စုံစမ်းဖို့ နိုင်ငံခြားကလာတဲ့ သတင်းတွေ မရှိလို့ပဲဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံခြားက အစိုးရ ဌာနတွေဆီက သတင်းအချက်အလက် စုဆောင်းဖို့ဟာ
ICEလို့ ခေါ်တဲ့ တရားရုံး ရှေ့နေတွေ ဒါမှမဟုတ် နိုင်ငံရေး ခိုလှုံခွင့် လျောက်ထားသူတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်တယ်လို့ တရားသူကြီး အများစုက ယုံကြည်ပါတယ်။

၃။ တရားသူကြီး ၈၆%က နိုင်ငံခြားမှာ သတင်းတွေ ထောက်လှမ်းနိုင်ရင် အကျိုးရှိလိမ့်မယ်လို့ သတင်းပို့ပါတယ်။

နိဂုံးကတော့ လျောက်ထားသူရဲ့ မိသားစုဝင်တွေက သူ့ရဲ့ တိုင်းပြည်မှာရှိတဲ့ အမေရိကန် သံရုံးကို မျက်နှာချင်းဆိုင် သွားရောက်ပြီး လျောက်ထားသူရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုသင့်ပါတယ်။ လျောက်ထားသူတွေဟာ အမေရိကန် သံရုံးကို သူတို့အတွက် သတင်းအချက်အလက်တွေ ပေးစေချင်တဲ့ သူရဲ့ နာမည်၊ လိပ်စာနဲ့ တယ်လီဖုန်းနံပါတ်တွေ ပေးသင့်တယ်လို့ ဆိုပါတယ်။

Thursday, November 27, 2008

အမေရိကားမှာကျတော့ ဘာဖြစ်လို့ မလှုပ်ရှားတာလဲ။

ကိုယ့်ရဲ့ နိုင်ငံရေး အယူအဆကြောင့် အစိုးရက နှိပ်ဆက်တယ်ဆိုပြီး ပြောလာတဲ့ အီသီယိုးပီးယားက မစ္စတာ အေ ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေး တရားရုံးရဲ့ အစိုးရ ရှေ့နေက အခုလို မေးခွန်းတွေ တသီကြီး မေးပါတယ်။

ဘယ်တုန်းက နိုင်ငံရေး ပါတီဝင်ခဲ့တာလဲ။ ဘာဖြစ်လို့ ၀င်ခဲ့တာလဲ။ ဘာလုပ်ခဲ့သလဲ။ လူတွေစီက အလှူငွေ ကောက်ခံခဲ့တာလား။ ပစ္စည်းတွေရောင်းပြီး ငွေဝင်အောင် လုပ်ခဲ့တာလား။ လက်ကမ်းစာစောင်နဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေခဲ့တာလား။ လူတွေကို ဆန္ဒပြပွဲတို့၊ ချီတက်ပွဲတို့၊ အစည်းအဝေးတို့ကို ဖိတ်တာလား။

ကိုယ့်ရဲ့ ရာဇ၀င်ကို ကိုယ်သိရဲ့လား။ ခင်ဗျားရဲ့ ရာဇ၀င်ကို နှစ်သက္ကရာဇ် အစဉ်လိုက် ပြန်ပြောပြနိုင်ရဲ့လား။ အရင်က ဘာတွေ ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ သိရဲ့လား။ ပထမဆုံး ဆန္ဒပြခဲ့တာက ရွေးကောက်ပွဲ ပြီးမှလား၊ မပြီးခင်ကလား။

ဘာဖြစ်လို့ အမေရိကားမှာ အဖွဲ့တခုကို ၀င်ဖို့ အကြာကြီး စောင့်နေရတာလဲ။ ခင်ဗျားအတွက်က နိုင်ငံရေး ခံယူချက်တွေက အရေးမကြီးဘူးလား။ ခင်ဗျား အစိုးရ သိသွားနိုင်ငမယ့် ဘယ်လို လှုပ်ရှားမှုတွေကို အမေရိကားမှာ လုပ်တုန်း။ ခင်ဗျားရဲ့ အစိုးရက ခင်ဗျား လှုပ်ရှားနေတာတွေကို သိတယ်လို့ ဘာကြောင့် ပြောနိုင်တာတုန်း။ သူတို့က ခင်ဗျားကို အရေးတောင် စိုက်ချင်မှာ စိုက်မှာပေါ့။ ခင်ဗျားက နာမယ့်ကြီးပြီး အရေးပါတဲ့ ပုဂ္ဂိုလ်လား။

ခင်ဗျား အဖမ်းခံရတုန်းက အရာရှိက ဘာလို စကားတွေ ပြောတုန်း။ သူက ဘာတွေ ပြောသေးသလဲ။ ဘာ ဘာသာနဲ့ ပြောတာလဲ။ သူပြောတာတွေကို ခင်ဗျား ပြန်ပြောပြနိုင်မလား။ ခင်ဗျား ကိုယ်ထိလက်ရောက် ဘယ်လိုမျိုး အနှိပ်စက်ခံခဲ့ရသလဲ။ ကိုယ်အကြောင်းကိုပဲ ပြောပါ။ သူများဘာဖြစ်သလဲဆိုတာ မပြောပါနဲ့။ ခင်ဗျား လေဆိပ်မှာတုန်းက ဘာပြဿနာမှ မဖြစ်ခဲ့ဘူးပေါ့။ ခင်ဗျား ဘယ်တုန်းက တိုင်းပြည်ကနေ ထွက်လာခဲ့တာလဲ။ ဘာဖြစ်လို့ လေဆိပ်မှာ အဖမ်းမခံလိုက်ရတာလဲ။ ခင်ဗျား လက်ထိုးခဲ့တာလား။ ဘယ်လောက်တုန်း။ ဘယ်လို ပေးခဲ့တာတုန်း။

အရင်နေခဲ့တဲ့ တိုင်းပြည်မှာတုန်းက ခင်ဗျား သူငယ်ချင်းကို ခင်ဗျားရဲ့ ပြဿနာတွေ ပြောပြခဲ့သလား။ ဘာတွေ ပြောပြခဲ့သလဲ။ ခင်ဗျား ရဲ့ အမေရိကန်မှာ လှုပ်ရှားတဲ့အကြောင်းတွေကို ရော ခင်ဗျား သူငယ်ချင်းကို ပြောပြီးပြီလား။ ဘာတွေ ပြောလိုက်သလဲ။

ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်အကြောင်းကို ပြောပြပါ။ ဘယ်တုန်းက ထုတ်ပေးခဲ့တာလဲ။ ဘယ်ကို သွားခဲ့သလဲ။ ဗီဇာဘယ်လို ရခဲ့သလဲ။ ခင်ဗျား ခရီးကို ဘယ်လိုမျိုးထွက်နိုင်ခဲ့တာလဲ။ အမေရိကားမှာရှိတဲ့ လူတယောက်ယောက်က ခင်ဗျားရဲ့ တိုင်းပြည်မှာရှိတဲ့ လူတယောက်ယောက်ကို ဆက်သွယ်ပြီး ခင်ဗျားအကြောင်း တိုက်စစ်ကြည်တာမျိုး လုပ်ခဲ့သလား။ ဘာဖြစ်လို့ မလုပ်တာလဲ။