Tuesday, September 14, 2010

ခင်ဗျားပြောတာတွေ ရှေ့နောက်ကိုက်ညီပါစေ။

အီဂျစ်နိုင်ငံက အမျိုးသမီးတယောက် နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်ခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပြောတာတွေဟာ ရှေ့နောက်မကိုက်ညီလို့ပါပဲ။

၂၀၀၅ခုနှစ်မှာ သူ့ကို အမျိုးသားတယောက်က ဘာကြောင့် ရိုက်ခဲ့မှန်း မသိဘူးလို့ ရဲတဦးကို ဆိုခဲ့ပါတယ်။
၂၀၀၈ခုနှစ် နိုင်ငံရေး ခိုလှုံခွင့် အရာရှိအရှေ့မှာတော့ သူသိပါတယ်။ သူ့ရဲ့ လူမျိုးရေးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါဆိုရင် ကိုယ့်ကိုယ်ကို မေးသင့်တာက

ငါဟာ ငါ့အကြောင်းတွေကို ဘယ်နှစ်ကြိမ် ဘယ်သူ့ကို ပြောဖူးခဲ့သလဲ။ ပြောတဲ့အခါတိုင်း ဘယ်လို ပြောခဲ့သလဲ။ ကိုယ်ပြောတာတွေ ရှေ့နောက်ညီရဲ့လား မညီဘူးလား။

"contemporaneously-created document" လို့ အင်္ဂလိပ်လို့ ခေါ်ပြီး မြန်မာလို ဘာသာပြန်ရင် တချိန်ထဲ တခေတ်တည်းမှာ ထုတ်ပေးလိုက်တဲ့ စာရွက်စာတမ်းဆိုတာ ဘာလဲ။

အဲဒါကတော့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတခုအတွက် တခါတည်း ထုတ်ပေးလိုက်တဲ့ စာရွက်ကို ဆိုလိုပါတယ်။ ဥပမာ ၂၀၀၈ခုနှစ် ဇွန်လမှာ အမျိုးသားတဦး ခေါင်းကို အရိုက်ခံခဲ့ရတယ်ဆိုပါဆို့။ ဆရာဝန်ကလည်း ၂၀၀၈ ဇွန်လမှာ ဆေးမှတ်တမ်း ရေးခဲ့ပါတယ်။ ဒါဆိုရင် ဆရာဝန်ရဲ့ ဆေးမှတ်တမ်းဟာ အရိုက်ခံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ တချိန်တည်းပေါ့။

တကယ်လို့ အမေက ၂၀၁၀ စက်တင်ဘာမှာ ၂၀၀၈ခုနှစ် ဇွန်လမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို စာတစောင် ရေးခဲ့တယ်ဆိုရင် အဲဒီစာကို တခေတ်တည်း တချိန်တည်းဖြစ်တဲ့ စာလို့ မခေါ်ပါဘူး။ အမေရဲ့ စာဟာ အတိုင်းအတာတခုအထိ တန်ဖိုးရှိတယ်ဆိုပေမဲ့ ၂၀၀၈ခုနှစ်တုန်းက ရခဲ့တဲ့ စာလောက်တော့ တန်ဖိုးမရှိဘူးလို့ ဆိုရမှာပါ။

ခင်ဗျားပြောတဲ့အချက်တွေနဲ့ အမေရဲ့ စာထဲက အချက်တွေ ကိုက်ညီရဲ့လား။

အမျိုးသမီးတယောက် နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်ခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေရဲ့ စာထဲက အချက်တွေနဲ့ မကိုက်ညီလို့ပါတဲ့။

တရားရုံးမှာ။ အဲဒီအမျိုးသမီးက ထွက်ဆိုတာက

ဇန်န၀ါရီလ ၂၀၀၃ခုနှစ်မှာ သူဟာ ချိန်းခြောက်ခံရပါတယ်။
သူ့ အမဟာလည်း ၂၀၀၄မှာ အဖမ်းခံရပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။
၂၀၀၄ခုနှစ်ထဲမှာပဲ သူ့ဟာ ဆေးလိပ်မီးနဲ့ အတို့ခံရတယ်။

သူ့အမေရဲ့ စာထဲမှာ အကြောင်းအရာတွေ အများကြီးရေးထားပါတယ်။ အဖမ်းခံရတဲ့အကြောင်းပါ ပါတယ်။ ဒါပေမဲ့ ၂၀၀၃ခုနှစ်တုန်းက သူ အချိန်းခြောက်ခံရတဲ့အကြောင်း ရေးမထားပါဘူး။ ဆေးလိပ်မီးနဲ့ အတို့ခံရတဲ့အကြောင်းလည်း မပါပါဘူး။ အမ ပျောက်ဆုံးသွားတဲ့အကြောင်းလဲ မပါဘူး။

Wednesday, September 8, 2010

မြန်မာနိုင်ငံသား နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ

ဒီမိုကရေးစီထောက်ခံသူ မြန်မာပြည်သားကို မေးခွန်းတွေ ထပ်မေးပါတယ်။
ခင်ဗျားကို ပထမဆုံးအကြိမ် ဘယ်မှာ ဖမ်းတာလဲ။ ခုနှစ်ရယ် လရယ် မြို့နာမည်ရယ် ပြောပြ။ ခင်ဗျားကို ဖမ်းတုန်းက ဘယ်မှာလဲ။ ဘယ်လောက်ကြာကြာ ထိန်းသိမ်းခံထားရတာလဲ။ ခင်ဗျား ကို မေးခွန်းတွေ မေးတာလား။ ဘယ်နှစ်ကြိမ်မေးတာလဲ။ ၃ခေါက်လား။ ပထမဆုး အကြိမ်လာမေးတုန်းက ခင်ဗျားကို ရိုက်နှက်သေးသလား။ သူတို့က ဘာနဲ့ ရိုက်တာလဲ။ ဘယ်လို လက်နက်တွေကို သုံးတာလဲ။ ဘယ်ကို ရိုက်တာလဲ။ ဗယ်ဘက် ခြေထောက်လား။ ခင်ဗျား သွေးတွေ မြင်ခဲ့လား။ ဘယ်မှာလဲ။ အကျီ င်္ နဲ့ ခင်ဗျားရဲ့ လက်မှာလား။ ခင်ဗျား နာတာရှည်အောင် ရိုက်ခံခဲ့ရတာလား။ ခင်ဗျားရဲ့ ထိခိုက်ဒဏ်ရာတွေအတွက် ဆရာဝန်နဲ့ မတွေ့ဘူးလား။ ခင်ဗျားဆရာဝန်နဲ့ တွေ့ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ဆရာဝန်ရဲ့ ဆေးမှတ်တမ်းက ဘယ်မှာလဲ။ ခင်ဗျား ဘယ်လိုလုပ် လွှတ်လာသလဲ။ ခင်ဗျားကို လွှတ်ပေးလိုက်တုန်းက ဘာတွေ ပြောခဲ့သလဲ။

၂၀၀၆မှာ ထောင်ကနေ လွှတ်လာမယ်မဟုတ်လား။ ခင်ဗျားရဲ့ အစိုးရနဲ့ ၂၀၀၇ခုနှစ်မှာ ပြဿနာ ရှိခဲ့သေးသလား။ ၂၀၀၈မှာရော။ ခင်ဗျားတိုင်းပြည်ကနေ ထွက်သွားပြီး ခရီးသွားခဲ့တာတွေ ရှိသလား။ ဘယ်တုန်းကလဲ။ ပြင်သစ်မှာ ဘာကြောင့် နိုင်ငံရေး ခိုလှုံခွင့်ကို မလျှောက်ခဲ့တာလဲ။ ဂျပန်မှာရော။ ဂျပန်ကို ရောက်ပြီးသွားခါမှ မြန်မာပြည်ကို လိုလိုလားလား ပြန်သွားခဲ့တာလား။ ခင်ဗျားပြောတော့ ခင်ဗျား အစိုးရက မုန်းတယ်ဆို။ ဒါလည်း ခင်ဗျားက လိုလိုလားလား ပြန်ခဲ့တာပဲလား။
ခင်ဗျားပြန်သွားခဲ့တာဟာ ခင်ဗျားတိုင်းပြည်မှာ အန္တရာယ်မရှိဘူးဆိုတဲ့သဘောကို မပြဘူးလား။

Thursday, September 2, 2010

ဗမာ လူမျိုး လျှောက်ထားသူကို မေးတဲ့မေးခွန်းများ

အသက်ဘယ်လောက်ရှိပြီလဲ။
အိမ်ထောင်နဲ့လား။ အမျိုးသမီးက ဘယ်မှာလဲ။
ကလေးရှိလား။ သူတို့က ဘယ်မှာလဲ။
အမေနဲ့ အဖေ။ သူတို့ ဘယ်မှာလဲ။ ညီအကိုတွေကရော။ တယောက်က အမေရိကန်မှာ ဟုတ်လား။ သူ့က ဘယ်လို နေထိုင်ခွင့်နဲ့ နေနေတာလဲ။

ညီအမ ရှိလား။ ပြင်သစ်မှာ တယောက်လား။ သူ့က ဘယ်လို နေနေတာလဲ။
ခင်ဗျားရဲ့ မိသားစုဝင်တွေထဲက ဘယ်သူပဲဖြစ်ဖြစ် အစိုးရနဲ့ပြဿနာ တက်တဲ့သူရှိသလား။ ရှိတယ်ဟုတ်လား။
၁။ ခင်ဗျား အမျိုးသမီး။ သူ့မှာ ပြဿနာရှိသလား။ ပြဿနာ ၃ခု ရှိတယ်ဟုတ်လား။ ပြဿနာ တခုချင်းစီရဲ့ လနဲ့ ခုနှစ်ရယ် ဖြစ်ပျက်ခဲ့တဲ့ မြို့ တွေကို ပြောပြ။
၂။ ခင်ဗျားရဲ့ အငယ်ဆုံးသမီး။ သူ့ရဲ့ အကြီးဆုံး ပြဿနာက ဘာလဲ။ သူ့ပြဿနာတွေရဲ့ အချိန်နဲ့ နေရာတွေကို ပြောပြ။
၃။ တခြား မိသားစုဝင်တွေရော ပြဿနာ ရှိသေးသလား။ ညီတ၀မ်းကွဲ ဆိုတာကရော။ သူက ၁၉၉၈တုန်းက ထောင်ထဲမှာ ၆လနေဖူးတယ်ဆို။ ဘာကြောင့် သူက ထောင်ကျခဲ့တာလဲ။


ဟုတ်ပြီ။ ခင်ဗျားအကြောင်းတွေကို ပြောပြပါဦး။
ခင်ဗျားရဲ့ပညာရေးက။ အထက်တန်းပြီးခဲ့တာလား။ တက္ကသိုလ် တက်ခဲ့သေးလား။
ခင်ဗျား ဘာအလုပ်လုပ်ခဲ့သလဲ။ ခင်ဗျားမှာ အလုပ်ကောင်းကောင်းရှိခဲ့တာလား။ ၀င်ငွေများများရခဲ့တာလား။ ခင်ဗျားရဲ့ လခကောင်းကောင်းရနေတဲ့အလုပ်ကို စွန့်ပြီး တိုင်းပြည်ကနေထွက်သွားရအောင် ဖြစ်ခဲ့တာလား။

ဒါမှမဟုတ် ခင်ဗျားက အလုပ်လက်မဲ့လား။ ဆင်းဆင်းရဲရဲနေခဲ့ရတာလား။ အဲဒါကြောင့် အမေရိကန်မှာ ငွေရှာဖို့ အလုပ်လာလုပ်တာမဟုတ်လား။

ခင်ဗျားမှာ အစိုးရနဲ့ ပြဿနာရှိသလား။ ခင်ဗျားရဲ့ အကြီးဆုံး ပြဿနာ ၃ခုက ဘာလဲ။

ခင်ဗျားထောင် ၃ခါ ကျဖူးတာလား။ ပြောပြပါဦး ခုနှစ်ရယ် လရယ် မြို့ရယ်။ ခင်ဗျားကို ဖမ်းတုန်းက ခင်ဗျားက ဘယ်မှာလဲ။ လမ်းဘေးမှာ လမ်းလျှောက်နေတာလား။ ခင်ဗျား အိမ်ထဲက ထိုင်ခုံပေါ်မှာ ထိုင်နေတာလား။ ခင်ဗျားကို ဘာကြောင့် ဖမ်းတာလဲ။ ခင်ဗျားကို အရာရှိက ဘာပြောခဲ့သလဲ။